အက်ဒွင် လတ္တယင်
ဆာ အက်ဒွင် လန်ဆီယာ လတ္တယင် သည် အင်္ဂလိပ်လူမျိုး ဗိသုကာပညာရှင် တစ်ဦး ဖြစ်သည်။ အက်ဒွင်လတ္တယင်သည် လန်ဒန်မြို့၌ ၁၈၆၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ငယ်စဉ်က ကင်းဆနင်တန်နယ်တောင်ပိုင်းရှိ ဗိသုကာဆရာကြီးတို့ထံတွင် ဗိသုကာပညာ ဆည်းပူးခဲ့သည်။ အက်ဒွင်သည် အသက် ၁၉ နှစ်အရွယ်မှစ၍ ဗိသုကာ လုပ်ငန်းကို လက်တွေ့လုပ်ကိုင်ခဲ့၏။ သာယာလှပသော တောခြေအိမ် ကလေးများ ဆောက်လုပ်ရာ၌ အထူးကောင်းမွန်လှသဖြင့် ထိုစဉ်အခါကပင် နာမည်ကျော်ကြားခဲ့၏။
ယင်းသို့ တဖြည်းဖြည်း နာမည်ကျော်ကြားလာခဲ့ရာ မြို့ကြီးများရှိ ရှေးဟောင်းအဆောက်အအုံများကို ပြင်ဆင်ရ၏။ ပြည်သူ့အဆောက်အအုံများ ဖြစ်သည့် ရုံးများကိုလည်းဆောက်ရသည်။ ၁၉ဝဝ ပြည့်နှစ်တွင် ပါရီမြို့၌ ကျင်းပသောပြပွဲကြီးနှင့် ၁၉၁၁ ခုနှစ်တွင် ရောမမြို့၌ ကျင်းပသောပြပွဲ များအတွက် ဗြိတိန်နိုင်ငံဆိုင်ရာ အဆောက်အအုံများကိုလည်း ဆောက်လုပ်ခဲ့ရသူဖြစ်၏။ ဆာအက်ဒွင်၏ လက်ရာများကို အင်္ဂလန်ပြည် တောနယ် အနှံ့အပြား တွေ့နိုင်ပေသည်။ ထိုမျှမကသေး ထင်ရှားသော အဆောက်အအုံကြီးများဖြစ်သည့် လင်ဒစ္စဖန်းရဲတိုက်ကြီး စသည့်အဆောက်အအုံများ၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် အဆောက်အအုံများ၊ လန်ဒန်ဝှိုက်ဟောရှိ စစ်ပြေငြိမ်းအထိမ်း အမှတ်အဆောက်အအုံ စသည်တို့သည်လည်း သူ၏ လက်ရာများပင်ဖြစ်၏။ ၁၉၁၃ ခုနှစ်တွင် တော်ဝင်အနုပညာအသင်းကြီး၏ အပေါင်းပါအသင်းဝင်ဖြစ်လာသည်။ ၁၉၁၈ ခုနှစ်တွင် ဘုရင်က ဆာဘွဲ့ ချီးမြှင့် သူကောင်းပြုခြင်းခံရသည်။ ၁၉၃ဝ ပြည့်နှစ်တွင် တော်ဝင်အနုပညာ အသင်းဝင် ဖြစ်လာသည်။ ၁၉၃၈ ခုနှစ်တွင် တော်ဝင်အနုပညာသင်းကြီး၏ ဥက္ကဋ္ဌဖြစ်လာပြီးနောက် ခြောက်နှစ်အကြာ ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန်လေသည်။[၁]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
Other Languages
Copyright
- This page is based on the Wikipedia article အက်ဒွင် လတ္တယင်; it is used under the Creative Commons Attribution-ShareAlike 3.0 Unported License (CC-BY-SA). You may redistribute it, verbatim or modified, providing that you comply with the terms of the CC-BY-SA.