အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့
စက်တင်ဘာလ ၁၆ ရက်နေ့သည် ကုလသမ္မဂ အထွေထွေညီလာခံ၏ ချမှတ်သည့်အရ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်သည်။
ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အိုဇုန်းလွှာပျက်စီးမှုနှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုဆိုင်ရာ အဓိကပြဿနာများ ကြုံတွေ့နေရသည်။ အိုဇုန်းလွှာသည် ဘေးအန္တရာယ်ရှိသော ရောင်ခြည်လှိုင်းများ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက်အောင် စုပ်ယူပေးသည့် သဘာဝအကာအရံတစ်ခုဖြစ်သည့်အတွက် မရှိမဖြစ် လိုအပ်သည်။ အိုဇုန်းလွှာထိန်းသိမ်းနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို ကုလသမဂ္ဂမှ ဦးဆောင်ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၅-ခုနှစ် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း ၁၉၈၇-ခု အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်စာချုပ်များအဖြစ် လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီယယ်ပြင်ဆင်ချက်နှင့် ပေကျင်းပြင်ဆင်ချက်များတွင် မြန်မာနိုင်ငံ အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်၍ ကမ္ဘာ့နိုင်ငံများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၇-နိုင်ငံလုံး ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဆောင်ရွက်မှု ရလဒ်အနေဖြင့် CFC သုံးစွဲမှုတန်ပေါင်း ၁.၁သန်းမှ စတင်လျော့ချခဲ့ရာ ၂၀၁၀-ပြည့်နှစ်တွင် သုံးစွဲမှုအား လုံးဝရပ်ဆိုင်းနိုင်ခဲ့သောကြောင့် ၎င်းစာချုပ်ကို အအောင်မြင်ဆုံး ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက် တစ်ခုအဖြစ် အသိအမှတ်ပြုသည့် အနေဖြင့် စာချုပ်ချုပ်ဆိုခဲ့သော စက်တင်ဘာလ ၁၆-ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နှစ်စဉ် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့နိုင်ငံများတွင် အခမ်းအနားများ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုတ်ရှားမှုများကို ၁၉၉၅-ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနိုင်ခဲ့သည်။
ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ ကမ္ဘာ့အပူချိန် လျော့ချဖို့ ဆက်လက်ဆောင်ရွက်စို့ (Keep Cool and Carry On) ဖြစ်သည်။၂၀၂၀ ပြည့်နှစ်၏ ဆောင်ပုဒ် မှာ " ၃၅ နှစ်တာ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းမှု၊ ရာသီဥတုပြောင်းလဲမှုနှင့်သက်ရှိများအတွက် အိုဇုန်းလွှာက အကျိုးပြု "ဖြစ်ပါသည်။
ကမ္ဘာမှာ လူဦးရေတိုးတက်များပြားလာမှုနှင့်အတူ လူသားများ စားဝတ်နေရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ လိုအပ်ချက်များကြောင့် သယံဇာတများ အလွန်အကျွံ ထုတ်ယူအသုံးပြုခြင်း၊ သဘာဝနှင့် လိုက်လျောညီထွေ နေထိုင်မှုပုံစံများ မရှိခြင်း၊ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့မှာ အလွန်ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခံစားနေရသည်။
အိုဇုန်းလွှာ ပျက်စီးမှုကြောင့် သက်ရှိသတ္တဝါများအတွက် ခရမ်းလွန်ရောင်ခြည် တိုက်ခိုက်ထိတွေ့မှုများကို ခံစားရစေပြီး အရေပြားကင်ဆာ ရောဂါများ၊ မျက်စိတိမ်စွဲရောဂါများ၊ ခုခံစွမ်းအား ကျဆင်းမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံပင်များ ကြီးထွားမှုနှောင့်နှေးခြင်း၊ အာဟာရဖြစ်စေမှုကို ကျဆင်းစေပြီး အဆိပ်အတောက် ဖြစ်မှုကို တိုးပွားစေခြင်း၊ ဂေဟစနစ်များကို ပြင်းထန်သော ဆိုးကျိုးများစေနိုင်သည်။ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ် မကျရောက်စေရန် အိုဇုန်းလွှာနှင့် ပတ်သက်၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်။ [၁]
မြန်မာနိုင်ငံ အနေဖြင့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်ကို နိုင်ငံအတွင်း အကောင်အထည်ဖော်နိုင်ရန် အတွက် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်ကို ၂၀၁၄-ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFC) သုံးစွဲမှုလျှော့ချရပ်ဆိုင်းနိုင်ရေးအတွက် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)များ သုံးစွဲမှု လျော့ချ ရပ်ဆိုင်းရေး လုပ်ငန်းစီမံကိန်း (HPMP) ကို UNEP နှင့် UNIDO တို့၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး နည်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်လျက်ရှိ ကြောင်း ၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ကင်းဝေးစေရန် နှင့် ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ပြည်သူများမှ ကမ္ဘာ့အပူချိန် လျော့ချဖို့ ဆက်လက်ဆောင်ရွက်စို့ (Keep Cool and Carry On) ဆောင်ပုဒ်နှင့်အညီ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်သည်။ [၂]
- UNEP DTIE OzonAction Branch: Ozone Day
- September 16 is International Ozone Day (sic) Archived 19 September 2008 at the Wayback Machine.
Other Languages
Copyright
- This page is based on the Wikipedia article အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့; it is used under the Creative Commons Attribution-ShareAlike 3.0 Unported License (CC-BY-SA). You may redistribute it, verbatim or modified, providing that you comply with the terms of the CC-BY-SA.